လိုက်လျောညီထွေစွာ အလုပ်လုပ်ခြင်း (Flexible Working) ရဲ့ အနှစ်သာရများ
- Yi Ting
- May 23, 2020
- 1 min read

ယခုခေတ်မှာ နေရာဒေသ၊ အခြေအနေအချိန်အခါပေါ်မူတည်ပြီး လိုက်လျောညီထွေစွာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရတဲ့ ခေတ်ကာလတစ်ခုဖြစ်တာကြောင့် ယခင်ကလို စံသတ်မှတ်အလုပ်ချိန် (9) နာရီမှ (5) နာရီ အချိန်စာရင်းဟာလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီ ဖြစ်ပါတယ်။ ယနေ့အချိန်ကာလဟာ အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေစွာ အလုပ်လုပ်တတ်ခြင်း (Flexible Working) စနစ်ကို ကျင့်သုံးဖို့ လုပ်ငန်းများအနေနဲ့ အချိန်အခါကောင်းတစ်ခုဖြစ်ပါတယ်။ Flexible working ရဲ့ စည်းမျဉ်း၊ စည်းကမ်းများဟာ ဝန်ထမ်းတိုင်းအတွက် အကြိုက်တွေ့ကြမှာ မဟုတ်သော်ငြားလည်း International Workplace Group (IWG) ရဲ့ လေ့လာ တွေ့ရှိချက်အရ စင်ကာပူနိုင်ငံရဲ့ Flexible working စနစ်သည် လုပ်ငန်းအတွက်သာမက၊ ဝန်ထမ်းများအတွက်ပါ အကျိုးများပြားစေတယ်လို့ ဖော်ပြပေးထားပါတယ်။ ဝန်ထမ်းများအတွက် flexible working hours ရဲ့ အကျိုးကျေးဇူးများကတော့ အလုပ်နဲ့ ဘ၀သမ မျှတစွာ ရှင်သန်နိုင်ခြင်း၊ ပိုမိုလွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စေခြင်းနှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုရှိစွာ လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းများအတွက်လည်း ဝန်ထမ်းများရဲ့ စွမ်းရည်တိုးတက်လာတာနှင့်အမျှ လုပ်ငန်းပြီးမြောက်စေခြင်း၊ အလုပ်အပေါ်သစ္စာရှိခြင်း စတဲ့ အကျိုးတွေကို ခံစားရစေပါတယ်။
မိမိတို့ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှ Flexible Working ကို အားပေးသည့်တိုင်အောင် ဝန်ထမ်းများအနေနဲ့ စိတ်မသက်သာစရာ ခံစားချက်တွေဖြစ်တဲ့ “အလုပ်ရှင်နှင့်အခြားဝန်ထမ်းများကြား ပိုမိုရင်းနှီးသွားမှာစိုးခြင်း” (သို့) “မိမိမှာ ဘေးရောက်သွားမှာစိုးခြင်း” စတဲ့ မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေကို ခံစားရစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယခင်က အာရှနိုင်ငံများရဲ့ လုပ်ငန်းအစဉ်အလာများအရ ရုံးပုံမှန်တက်ကာ အလုပ်ရှုပ်နေဟန်ဆောင်ခြင်းဟာ ၎င်းတို့ကို အလုပ်ရှင်ထံမှ ပိုပြီးအသိမှတ်ပြုခြင်းခံရနိုင်ခြင်းတို့ကြောင့်ဘဲ ဖြစ်ပါတယ်။ IWG ရဲ့ လေ့လာချက်အရ flexible working ဟာ လုပ်ငန်းများရဲ့ စွမ်းရည် ၈၁ ရာခိုင်နှုန်းအထိထိန်းထားနိုင်တာကြောင့် အဖွဲ့အစည်းများ အနေနဲ့ flexible working ကို ကောင်းမွန်သော ရည်ရွယ်ချက်တစ်ခုဖြင့် ပံ့ပိုးအားပေးလာကြတာဘဲဖြစ်ပါတယ်။ Flexible working နှင့် ပတ်သက်ပြီး သိထားသင့်သည့်အချက် (၃) ချက်ကို မျှဝေပေးလိုပါတယ်။
ရည်မှန်းချက်များအား ချမှတ်ပါ။
Flexible working ဆိုသည်မှာ ဝန်ထမ်းများကို အလုပ်ချိန်အတွင်း ၎င်းတို့စိတ်တိုင်းကျ လွတ်လပ်စွာနေထိုင်ခွင့် ပေးထားခြင်းမဟုတ်ပါ။ အခြေခံစည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးပြီး လုပ်ငန်းရဲ့ ရည်မှန်းချက်များကို ဝန်ထမ်းများကို သိစေကာ ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းပြပေးထားရမှာဘဲ ဖြစ်ပါတယ်။ မိမိတို့အိမ်မှ အလုပ်တာဝန်ထမ်းဆောင်သည့်အခါ ဝန်ထမ်းများအားလုံး ပုံမှန်ရုံးတက်ရမယ့် ရက်များ (သို့) ရုံးပုံမှန်တက်ရမည့် ရက်အရေအတွက်တို့ကို သတ်မှတ်ပြီးလျှင် ရည်မှန်းချက်ပန်းတိုင် အတိုင်း ချီတက်ခြင်းဖြင့် လုပ်ငန်းအတွက်ရော၊ ဝန်ထမ်းများအတွက်ပါ ကောင်းကျိုးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။
ပူးပေါင်းဆောင်ရွက်ပါ။
နည်းပညာများအဆင့်မြင့်တက်လာမှုကြောင့် Remote working ဆောက်ရွက်သည့်အခါ တွင်လည်းဝန်ထမ်းများအချင်းချင်း မတွေ့ကြရသည့်တိုင်အောင် အချိန်မရွေးဆက်သွယ်လို့ ရနေနိုင်ပြီ ဖြစ်ပါတယ်။ မန်နေဂျာများအနေဖြင့် မိမိတို့ အသင်းဝင်များတစ်ဦးချင်းစီရဲ့ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများကို အမြဲမပြတ်စစ်ဆေးပေးသင့်ပါတယ်။ Remote working ရဲ့ အခက်အခဲကတော့ ဝန်ထမ်းများအချင်းချင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို မတွေ့ရှိရတာကြောင့် ဝန်ထမ်းများကြား သံသယရှိစေနိုင်ပြီး ယုံကြည်မှုများ လျော့ကျစေနိုင်ပါတယ်။ ဒီလိုအခက်အခဲကို ကျော်လွှားဖို့အတွက် ဝန်ထမ်းများကြား ရှင်းလင်းတိကျစွာ ဆက်သွယ်နိုင်မယ့် ဆက်သွယ်ရေး Channel များကို သေချာစွာစီမံပေးပြီး အချက်အလက်များကို အတိအကျမျှဝေခြင်းဟာ Remote working ဖြစ်သော်ငြားလည်း အလုပ်တွင်ကျယ်စေမှာ ဖြစ်ပါတယ်။
အများအတွက် ထည့်သွင်းစဉ်းစားတတ်ပါစေ။
Flexible working ရဲ့ အကျိုးကျေးဇူးများစွာ ရှိသော်လည်း တခါတရံမှာ ဝန်ထမ်းများရဲ့ ကိုယ်ရေးကိုယ်တာ ဘ၀များကို ဆိုးကျိုးသက်ရောက်မှုများလည်း ရှိစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရှင်များ (သို့) Clients များဟာ ၎င်းတို့ ခေါ်ဆိုလိုသော အချိန်တိုင်းမှာ အမြဲဲအဆင်သင့်ဖြစ်စေလိုတာကြောင့် ဝန်ထမ်းများအနေနဲ့ တခါတစ်ရံမှာ အလုပ်နှင့် ကိုယ်ရေးကိုယ်တာဘ၀ဟာ အနည်းငယ် ရှုပ်ထွေးဝေဝါးသွားလေ့ရှိပါတယ်။ဒါကြောင့် အလုပ်ရှင်များဘက်မှ Flexible working ကိုသတ်မှတ်တဲ့ အခါမှာ ဝန်ထမ်းများအတွက် အလုပ်ချိန်နှင့် အားလပ်ချိန်ကို တိကျစွာ သတ်မှတ်ပေးပြီး နှစ်ဦးနှစ်ဘက် အကျိုးအတွက် ကြိုးစား စီမံသင့်ပါတယ်။
နည်းပညာများတိုးတက်ထွန်းကားလာခြင်းကြောင့် နေရာဒေသမရွေး ဝန်ထမ်းများအားလုံးပူးပေါင်း ဆက်သွယ် ဆောင်ရွက်နိုင်ပြီဖြစ်တာကြောင့် Flexible working ဟာ လုပ်ငန်များအတွက်ရော ဝန်ထမ်းများအတွက်ပါ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမှာ ဖြစ်ကြောင်း မျှဝေရင်း နိဂုံးချုပ်လိုက်ပါတယ်။
Σχόλια